ဒီရက်ပိုင်း ပုဂ္ဂလိကသတင်းစာ ဂျာနယ်တွေမှာပဲဖြစ်ဖြစ် Facebookလို လူမှုဆက်ဆံရေး အင်တာနက်စာမျက်နှာတွေမှာပဲဖြစ်ဖြစ် ကြီးစိုးနေရာယူထားတဲ့ သတင်းကတော့ စစ်ကိုင်း တိုင်း ချင်းပြည်နယ် မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ ရေဘေးဒုက္ခသတင်း များပဲဖြစ်ပါတယ်။ ထိုရေဘေးဒုက္ခသတင်းများကို ဖတ်ရှု့နေရင်းနဲ့ ဆရာတော်ဦးဗုဓ်ရဲ့ စကားကိုတစ်ခွန်းကို အမှတ်ရမိပါတယ်။
ဆရာတော်ဦးဗုဓ်ရဲ့ငယ်နာမည်က မောင်ပုပ်ဖြစ်ပါတယ်။ ငယ်စဉ်ကလေးဘ၀တုန်းက အနာပေါက်ပြီး အပုပ်နံ့ထွက်တာကို အစွဲပြုပြီး မောင်ပုတ်လို့ ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ မောင်ပုပ်ကနေ ဦးပုပ် ဦးကနေ ဦးဗုဓ်ဖြစ်သွားခဲ့တာပါ။ သက္ကရာဇ်၁၁၄၉ ခုနှစ် နယုန်လ ပြည့်ကျော်၅ရက် အင်္ဂါနေ့မှာ မုံရွာမြို့အနီး အလုံမြို့နယ် ညောင်ကန်ရွာနေ ဦးအို ဒေါ်မွှေး တို့က ဖွားမြင်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ်က တစ်ဦးတည်းသောသားလည်းဖြစ်ပါ တယ်။ အရွယ်နဲ့မလိုက်အောင် တည်ကြည်ငြိမ်သက်စွာ နေလေ့ရှိသူလည်းဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ်ရဲ့ ရဟန်းနာမည်မှန်က “ဇမ္ဗုဓဇ”ဖြစ်ပါတယ်။
စစ်ကိုင်းတံတားကြီးပေါ်ကနေ ဒုဋ္ဌ၀တီမြစ်အဆုံးနဲ့ ဧရာဝတီမြစ်ကမ်းအကြားရှိ အင်းဝမြို့ ဟောင်းနေရာကို လှမ်းမျှော်ကြည့်လိုက်ရင် အုတ်တိုက်ဝါကြီးတစ်ခုကို အလွယ်တကူမြင် တွေ့ပါလိမ့်မယ်။ ထိုအုတ်တိုက်ကြီးက ကုန်းဘောင်ခေတ်က တည်ဆောက်ထားတဲ့ ဗုဒ္ဓ ဘာသာဘုန်းကြီးကျောင်း တစ်ကျောင်းဖြစ်ပါတယ်။ ထိုကျောင်းကို ဘကြီးတော်မင်းရဲ့ မိဖု ရားခေါင်းကြီးမယ်နုက ဆောက်လုပ်လှူဒါန်းလို့ မယ်နုအုတ်ကျောင်းလို့ ခေါ်ဆိုကြပါတယ်။ ကျောင်းတိုက်မူလနာမည်က အောင်မြေဘုံစံကျောင်းဖြစ်ပါတယ်။ ထိုကျောင်းရဲ့ ပထမဆုံး ကျောင်းထိုင်ဆရာတော်ကြီးက ဦးဗုဓ်ရဲ့ဇာတိရွာညောင်ကန်သားလည်းဖြစ် ဦးဗုဓ်ရဲ့ဆရာ လည်းဖြစ်တဲ့ ညောင်ကန်ဆရာတော်ဦးပိုးပဲဖြစ်ပါတယ်။ ညောင်ကန်ရွာက စာတတ်ပေ တတ် အကျော်အမော်ဆရာတော်ကြီးတွေ အများကြီးပဲထွက်ရှိခဲ့ပါတယ်။
သက္ကရာဇ် ၁၁၉၁ခုနှစ် တန်ခူးလမှာ အောင်မြေဘုံစံ မယ်နုအုတ်ကျောင်းဆရာတော်ကြီး ဦးပိုး ပျံလွန်တော်မူပါတယ်။ ဦးပိုးပျံလွန်တော်မူတဲ့အခါမှာ မန်းကျည်းတောဆရာတော်နဲ့ မြသိန်းတန်ဆရာတော်တို့ကို အောင်မြေဘုံစံ မယ်နုအုတ်ကျောင်းရဲ့ ကျောင်းထိုင်အဖြစ် တင်မြှောက်ကြဖို့ စီမံကြပါတယ်။ ထိုအခါမှာ ဆရာတော်ဦးပိုးရဲ့တပည့်ရဟန်းတော်များက မကျေနပ်မဖြစ်ပြီး “မန်းကျည်းတောဆရာတော်နဲ့ မြသိန်းတန်ဆရာတော်တို့လောက် စာ တတ်ပြီး ဆရာတော်ဦးပိုးနေရာကို ဆက်ခံနိုင်တဲ့သူ ဆရာတော်ဦးပိုးတပည့်တွေထဲမှာ ရှိပါ သေးတယ်။ မယုံလျှင် သုဓမ္မာတွင် သုံးရက်တိုင်တိုင် စာမေးစာစစ်ခံပါမယ်”လို့ ဘုရင်ဆီ ကို စာသွင်းကြပါတယ်။ ဘုရင်ကလည်း “နည်းလမ်းကျပါတယ်။ စာမေးစာစစ်ခံမယ့်သူကို သာ စာရင်းပေးပါ”လို့ အကြောင်းပြန်ပါတယ်။
ထိုအခါမှာ ဆရာတော်ဦးပိုးရဲ့တပည့်များက ဦးဗုဓ်နဲ့အလွန်ရင်းနှီးတဲ့ ရေပုတ္တလင်ဆရာ တော်ဦးဥာဏထံသွားရောက်ပြီးတော့ ဆရာတော်ဦးဗုဓ်ကို သုဓမ္မာမှာ စာမေးစာစစ်ခံပေးဖို့ ရန်အတွက် တိုက်တွန်းပေးပါလို့ လျှောက်ထားကြပါတယ်။ ဆရာတော်ဦးဥာဏက ဦးဗုဓ် ကို အကျိုးအကြောင်းလျှောက်ထားတဲ့အခါမှာ ဆရာတော်ဦးဗုဓ်က “ကိုဥာဏ မင်းဆရာ မလုပ်ချင်ဘူး။ မင်းဆရာလုပ်ရတာ စာကြည့်ပျက်တယ်။ နေပြည်တော်မှာ မနေလိုဘူး”လို့ ပြောဆိုပြီး ငြင်းဆိုပါတယ်။ ဆရာတော်ဦးဥာဏက လက်မလျှော့ပဲ ဇွဲကောင်းကောင်းနဲ့ နည်းလမ်းအမျိုးမျိုးနဲ့ အကြိမ်ကြိမ်တိုက်တွန်းတဲ့အခါမှာ ဆရာတော်ဦးဗုဓ်က မငြင်းသာ တော့တာကြောင့် သုဓမ္မာမှာ စာမေးစာစစ်ခံဖို့ ကတိပေးလိုက်ပါတယ်။ဆရာတော်ဦးပိုးရဲ့ တပည့် ညောင်ကန်ရွာနေ ဆရာတော်ဦးဗုဓ်က သုဓမ္မာမှာ စာမေးစာစစ်ခံမယ်လို့ နန်းတော် ကို စာသွင်းတဲ့အခါမှာ နန်းတော်က မဟာဒါန်ဝန်ကို ညောင်ကန်ကိုစေလွှတ်ပြီးတော့ ဆရာ တော်ဦးဗုဓ်ကို ပင့်ခိုင်းပါတယ်။ မဟာဒါန်ဝန်ရောက်လာတဲ့အခါမှာ ဆရာတော်ဦးဗုဓ်က “ငါ အခု မလိုက်သေးဘူး။ ရာသီဥတုကောင်းမွန်တဲ့အခါကျမှ နေပြည်တော်ကို လာခဲ့မယ်”လို့ ပြောလိုက်ပါတယ်။ နွေဦးပေါက် တပေါင်းလမှာ ဆရာတော်ဦးဗုဓ် ညောင်ကန်ရွာကနေ အင်းဝနေပြည်တော်ကို ဧရာဝတီမြစ်ထဲကနေ လှေနဲ့ကြွတော်မူပါတယ်။
ဆရာတော်ဦးဗုဓ်နေပြည်တော်ရောက်ရှိတဲ့အခါမှာ စာမေးစာစစ်ခံမည့်သူ ရောက်ရှိလာပြီ ဖြစ်ကြောင်း နန်းတော်ကို စာသွင်းကြပါတယ်။ နန်းတော်က မန်းကျည်းတောဆရာတော် မြသိန်းတန်ဆရာတော်အမှူးပြုတဲ့ သုဓမ္မာဆရာတော်ကြီးများကို စာမေးစာစစ်ပုဂ္ဂိုလ်များ အဖြစ်ခန့်အပ်ပြီးတော့ ဆရာတော်ဦးဗုဓ်ကို စာပေကျမ်းဂန်များ မေးမြန်းစစ်ဆေးစေပါ တယ်။ မူလက သုံးရက်မေးဖို့ စီမံထားသော်လည်း တကယ်မေးတဲ့အခါမှာတော့ ငါးရက် တိုင်တိုင် မေးမြန်းစစ်ဆေးပါတယ်။ မေးမြန်းသမျှကို တွေဝေတုန့်ဆိုင်းခြင်းမရှိပဲ ကြာရိုး တွေကို ဓားထက်ထက်နဲ့ဖြတ်ချသလို ဖြေဆိုပါတယ်။
ခြောက်ရက်မြောက်နေ့မှာ စာမေး စာစစ်ဆရာတော်များက “အတုလပုဒ်ကို ၀ိဂြိုဟ်လုပ်ပြီး ဓာတ်ပစ္စည်းအရကောက်ပြပါ”လို့ မေးမြန်းပါတယ်။ ထို အခါမှာ ဆရာတော်ဦးဗုဓ်က “ဆရာတော်တို့ ငါးရက်တိုင်တိုင် ခက်ရာခက်ဆစ်များကို ရှာဖွေမေးမြန်းပြီးမှ ကိုရင်ငယ်ကို မေးတာမျိုး အခုမေးနေတာဟာ မသိလို့ မေးနေတာလား။ သိလျက်နဲ့မေးရင် အာပတ်သင့် မယ်”လို့ လျှောက်ထားလိုက်တဲ့အခါမှာ စာမေးစာစစ်ပုဂ္ဂိုလ်များ ငြိမ်ကျသွားပါတယ်။ ထို အခါမှာ ဆရာတော်ဦးဗုဓ်က အနားမှာရှိနေတဲ့ ရေပုတ္တလင်ဆရာတော်ဦးဥာဏကို “ကိုဥာ ဏ သုဓမ္မာဆရာတော်များ မေးမြန်းသည်ကို ဒီက မဖြေနိုင်တာမရှိ။ ဒီကများ ပြန်မေးလိုက် ရင် ဘယ်လိုနေမယ်မသိဘူး”လို့ ပြောဆိုလိုက်တဲ့အခါမှာ အနားရှိနေတဲ့ ၀န်ကြီးများက “စာ မေးမြန်းပွဲ ပြီးပါပြီ”လို့ အမြန်ကြေငြာလိုက်ရပါတယ်။
စာမေးပွဲအောင်မြင်တဲ့ ဆရာတော်ဦးဗုဓ်ကို အောင်မြေဘုံစံမယ်နုအုတ်ကျောင်းရဲ့ ကျောင်း ထိုင်ဆရာတော်အဖြစ် တင်မြှောက်လိုက်ပါတယ်။ အာဏာထက်တဲ့မိဖုရားခေါင်ကြီးရဲ့ ကျောင်းထိုင်ဆရာတော်ဖြစ်တာကြောင့် မင်းမိဖုရားနဲ့ ၀န်ကြီးများက ကိုးကွယ်ဆည်းကပ် ကြပါတယ်။ သို့သော်လည်း ဆရာတော်ဦးဗုဓ်ကတော့ ဘုရင် မိဖုရား ၀န်ကြီးများနဲ့ အကျွမ်းတ၀င်မနေသလို ထိုသူများကို အဖက်လုပ်ပြီး စကားတောင်မပြောပါဘူး။ သူ့စာ သူ ဖတ်နေလေ့ရှိပါတယ်။ သို့သော်လည်း မိဖုရားခေါင်ကြီးက အကြည်ညိုမပျက်ပါဘူး။ ရဟန်းစစ်ရဟန်းမှန်ဆိုပြီး တိုးလို့သာ ကြည်ညိုလေးမြတ်စွာ ဆည်းကပ်ကိုးကွယ်ပါတယ်။
၁၁၉၉ ခုနှစ် ကဆုန်လဆုတ် ၁၂ရက်နေ့မှာ ဘကြီးတော်မင်းနဲ့မိဖုရားခေါင်ကြီးမယ်နုတို့ကို အိမ်ရှေ့မင်းဖြစ်တဲ့ သာယာဝတီမင်းသားက နန်းချလိုက်ပါတယ်။ ၁၂၀၀ပြည့်နှစ်မှာ ဘုရင် သစ်ဖြစ်တဲ့ သာယာဝတီမင်းက နန်းတော်ကို အင်းဝကနေ အမရပူရကို ပြန်လည်ပြောင်း ရွှေ့ပါတယ်။ ဆရာတော်ဦးဗုဓ်ကိုလည်း အင်းဝရှိ အောင်မြေဘုံစံမယ်နုအုတ်ကျောင်းက နေ အမရပူရမြို့ (ယခုမန္တလေးမြို့) မဟာမုနိရုပ်ရှင်တော်မြတ်ကြီးရဲ့ အရှေ့မုဒ်အနီးရှိ မင်္ဂလာဘုံကျော်ညောင်ကန်တိုက်ကို ပြောင်းရွှေသီတင်းသုံးဖို့ သာယာဝတီမင်းက ပင့်လျှောက်တာကြောင့် ဆရာတော်ဦးဗုဓ်ဟာ အင်းဝမယ်နုအုတ်ကျောင်းကနေ အမရပူရ မင်္ဂလာဘုံကျော်ညောင်ကန်တိုက်ကို ပြောင်းရွှေ့သီတင်းသုံးရပါတယ်။ ယခုအခါမှာ မဟာ မြတ်မုနိလို့ မြတ်တစ်လုံးအပိုထည့်သုံးနေကြပါတယ်။ အမှန်က မဟာမုနိဖြစ်ပါတယ်။ မြတ် မပါပါဘူး။ မဟာက ကြီးကျယ်မြင့်မြတ်သောလို့ အနက်အဓိပ္ဗါယ်ထွက်ရှိပါတယ်။ ဒါက စကားစပ်လို့ပါ။
သာယာဝတီမင်းဟာ နန်းကျဘုရင်ဘကြီးတော်မင်းနဲ့ မိဖုရားခေါင်ကြီးမယ်နုကို မကွပ်မျက် ပဲ နေအိမ်အကျယ်ချုပ်ထားရှိပါတယ်။ ၁၂၀၂ခုနှစ်မှာ မိဖုရားခေါင်ကြီးမယ်နုက ပုန်ကန်ရန် ကြံစည်တာကြောင့် ကွပ်မျက်ဖို့ရန်အတွက် သာယာဝတီမင်းက အမိန့်ချမှတ်ပါတယ်။ ထို အခါမှာ မိဖုရားခေါင်ကြီးမယ်နုက “ငါသည် ဤဘ၀၌ မြင့်မြတ်သောအခြေအနေသို့ ရောက် ရှိခံစားခဲ့ရပြီး မရေမတွက်နိုင်သော ကောင်းမှုကုသိုလ်များလည်း ပြုစုအားထုတ်ခဲ့ရပြီ။ သေ ရမည်ကို တွေးဆပူပန်ခြင်း ကြောက်ရွံ့ခြင်းမရှိလှပါ။ သို့သော် ငါကိုးကွယ်သော ငါ၏ဆရာ ရင်းဖြစ်သော ဦးဗုဓ်ကို နောက်ဆုံးဖူးမြင်ကန်တော့လိုသည်။ မင်္ဂလာဘုံကျော်တိုက်သို့ ငါ သွားရောက်နိုင်ရန် အခွင့်ပေးနိုင်ကြမလား”လို့ မြို့တော်ဝန်ကို မေးမြန်းပါတယ်။ မြို့တော် ၀န်ကလည်း ရှေ့ကရှိခဲ့ဖူးတဲ့ ကျေးဇူးတရားများကို ထောက်ထားပြီးတော့ သွားရောက်ဖူး မြင်ခွင့်ပေးပါတယ်။
မင်္ဂလာဘုံကျော်တိုက်ကို မိဖုရားခေါင်ကြီးမယ်နု ရောက်ရှိသွားတဲ့အချိန်မှာ ဆရာတော် ဦးဗုဓ်က စာဖတ်နေခိုက်ဖြစ်ပါတယ်။ မိဖုရားခေါင်ကြီးမယ်နုဟာ ဆရာတော်ကို ရှိခိုးဦးချပြီး တော့ “ဘုရားတပည့်တော်မသည် သာယာဝတီမင်း၏ဘုန်း ဖုံးအုပ်လာ၍ သူ၏အာဏာ စက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်။ ဤနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံးဖူး မြင်ကန်တော့ခြင်း ဖြစ်ကြောင်းပါဘုရား”လို့ လျှောက်ထားလိုက်ပါတယ်။
ထိုအခါမှာ ဆရာတော်ဦးဗုဓ်က စာကြည့်နေရာကနေ မိဖုရားခေါင်ကြီးမယ်နုရှိရာဘက်ကို မျက်နှာမူပြီးတော့ “မိနု သူ့ကြွေးရှိလျှင် ဆပ်ရလိမ့်မည်”လို့ မိန့်တော်မူလိုက်ပါတယ်။ ထို့ နောက် မိဖုရားခေါင်ကြီးမယ်နုဟာ ဆရာတော်ကို ရှိခိုးဦးချပြီးတော့ ကျောင်းပေါ်ကနေ ၀မ်းသာရွှင်ပျစွာနဲ့ ဆင်းသွားပါတော့တယ်။ ထိုတရားကြောင့် မိဖုရားခေါင်ကြီမယ်နုဟာ ကြောက်ရွုံ့တုန်လှုပ်ခြင်းကင်းစွာနဲ့ ကွပ်မျက်ခံခဲ့တယ်လို့ သမိုင်းမှတ်တမ်းများက ဆိုပါ တယ်။
ပြီးခဲ့တဲ့ နယကလက်ထက်ကစလို့ ယနေ့တိုင်အောင် မိမိတို့နိုင်ငံရှိ သစ်တောများဟာ စည်း ကမ်းမရှိ သစ်ထုတ်ခံခဲ့ရပါတယ်။ ပြည်တွင်းသစ်လုပ်ငန်းရှင်ကြီးများက အာဏာရှိသူများနဲ့ သဘောတူညီချက်ရယူပြီး စည်းကမ်းမဲ့သစ်ခုတ်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များကလည်း ဗရမ်းပတာသစ်ခုတ်ခဲ့ကြပါတယ်။ တရုတ် ထိုင်းစတဲ့ အိမ်နီးခြင်းနိုင်ငံများ ကလည်း တစ်တောလုံးအပြောင်းရှင်းစနစ်နဲ့ သစ်ခိုးခုတ်နေကြပါတယ်။ သစ်တောတင် လားဆိုတော့ မဟုတ်ပါဘူး။ ရွှေ ကျောက်စိမ်း ကြေးစသဖြင့် မြေအောက်သယံဇာတတွေ လည်း စည်းကမ်းမရှိ ထုတ်ယူခံခဲ့ရပါတယ်။ ထိုကဲ့သို့ စည်းကမ်းမရှိခြင်းရဲ့ အကျိုးဆက်အ နေနဲ့ ရာသီဥတုများဖောက်ပြန်ပြီးတော့ မုန်တိုင်းများတိုက်ခတ်ခြင်း ငလျင်များလှုပ်ခြင်း ရေ ကြီးခြင်း မြေပြိုခြင်း မြစ်ချောင်း အင်းအိုင်များ တိမ်ကောခြင်းစတဲ့ သဘာဝဘေးအန္တရာယ် များကျရောက်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးခဲ့ရပါတယ်။
ခုနှစ်လပိုင်းနောက်ဆုံးပတ်လောက်က ချင်းပြည်နယ် စစ်ကိုင်းတိုင်းဒေသကြီး မကွေးတိုင်း ဒေသကြီး ရခိုင်ပြည်နယ်တို့မှာ မိုးများသည်းထန်စွာရွာသွန်းပြီးတော့ လူနေနှစ်ထပ်အိမ်များ ပါ နစ်မြုပ်ကုန်တာကြောင့် လူတွေရော တိရိစ္ဆာန်တွေပါ သေကြေပျက်စီးခဲ့ရပါတယ်။ ဆင်း ရဲဒုက္ခအတိရောက်ခဲ့ကြရပါတယ်။ ရေနစ်မြုပ်ပြီး လယ်ယာမြေများ ဧကသိန်းပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အချို့ကျေးရွာတွေဟာ ရေပြန်ကျသွားတဲ့အခါမှာတောင် ဆက် လက်နေထိုင်လို့မရတော့လောက်အောင် ပျက်စီးသွာားတာဖြစ်လို့ ရွာပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေကြရပါတယ်။ မြန်မာနိုင်ငံအ၀ှမ်းရှိ ပြည်သူလူထုများက ရေဘေးဒုက္ခသည်များ အတွက် နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေထောက်ပံ့လှူဒါန်းနေကြရဆဲ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံ အသီးသီးကပါ ၀ိုင်းဝန်းထောက်ပံ့လှူဒါန်းပေးနေကြရပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ဒေါ်လာဘီလျံချီပါလိမ့်မယ်။
နယကလက်ကထကစလို့ ယနေ့တိုင်အောင် လူတစ်စုက သဘာဝတရားကြီးဆီကနေ သစ် တောများ မြေပေါ်မြေအောက်သယံဇာတများကို လောဘဇောတိုက်ပြီး စည်းကမ်းမဲ့စွာနဲ့ မ တော်မတရားရယူပြီး ကြွယ်ဝချမ်းသာနေကြပါတယ်။ အခုအခါမှာတော့ သဘာဝတရား ကြီးက သူ့ဆီကနေ မတော်မတရားရယူထားတာတွေကို အတိုးရောပါ အရင်းပါ ပြန်လည် ယူငင်လိုက်တဲ့ သဘောသာဖြစ်ပါတယ်။ နောက်ထပ်နောက်ထပ်လည်း သဘာဝတရားကြီး က လူတွေဆီကနေ သူ့ပိုင်ဆိုင်မှုတွေကို မလွဲမသွေ ပြန်လည်ယူငင်ဦးမှာဖြစ်ပါတယ်။
လူတစ်စုဆီကသာမက လူအားလုံးဆီကနေ ပြန်လည်ယူငင်လိုက်တာဟာ သဘာဝတရား ကြီးအနေနဲ့ တရားသလား မတရားဘူးလား၊ ဒါမှမဟုတ် မတရားယူငင်နေတဲ့ လူတစ်စုကို တားဆီဖို့ လူသားတွေအားလုံးမှာ တာဝန်ရှိတယ်လို့ သဘာဝတရားကြီးက သတိပေးလိုက် တာလား၊ ပြည်သူလူထုကြီးဟာ သဘာဝတရားကြီးနဲ့ လူတစ်စု စာရှင်းကြရာမှာ မြေဇာပင် ဖြစ်ကြရတာလားလို့ အတွေးပွားမိပါတယ်။ သေချာတာကတော့ ယူထားရင် ပြန်ပေးရမယ် ဆိုတာပါပဲ။ (မိုးသု-မန္တလေး)
ယနေ့ထုတ် The Voice Dailyပါ ဆောင်းပါးဖြစ်သည်။
No comments:
Post a Comment