🍀 မြင့်မြတ်မှု 🍀
🌹🌹🌹
ဘဝကို ကျေနပ်မှုအပြည့် ရချင်ရင် လုပ်သမျှအားလုံးကို မြင့်မြတ်တဲ့ ကျင့်စဉ်ဖြစ်အောင် လုပ်ပါ။ တခြားနည်းနဲ့တော့ ကျေနပ်မှု အပြည့်ရမှာ မဟုတ်ဘူး။ ခဏလောက် အပေါ်ယံကျေနပ်မှုပဲ ရမယ်။
🌹🌹🌹
အမှန်တရား၊ သဘာဝတရားကို နက်နက်နဲနဲ လေ့လာမယ်ဆိုရင် နောက်ဆုံးအဆင့်မှာ မြင့်မြတ်တဲ့သဘောထား၊ မြင့်မြတ်တဲ့အမြင်ကို ရမှာပဲ။
🌹🌹🌹
စိတ်ဓာတ်ရင့်ကျက်မှုဆိုတာ မြင့်မြတ်မှုနဲ့ တွဲနေပါတယ်။ မြင့်မြတ်မှုဆိုတာ သတိနဲ့ အမြဲတန်းနေတဲ့သူမှ ရနိုင်တယ်။
🌹🌹🌹
ဒီခန္ဓာကိုယ်ကိုတော့ မိဘက မွေးဖွားပေးလိုက်တာပဲ။ ဒါပေမဲ့ မှားတယ် မှန်တယ်ဆိုတာကို ကိုယ်ပိုင်ဥာဏ်နဲ့ သိလာတဲ့အခါကျမှ စိတ်ဓာတ်ရင့်ကျက်မှုဟာ မွေးဖွားလာတယ်၊ မြင့်မြတ်တဲ့အသိအမြင်ဟာ မွေးဖွားလာတယ်လို့ ဆိုရမယ်။
🌹🌹🌹
လူမှာ မြင့်မြတ်တဲ့သဘာဝ ရှိပါတယ်။ အင်မတန်အဆင့်မြင့်တဲ့ အင်မတန်မြင့်မြတ်တဲ့ အသိဥာဏ်ထူးတွေကို ရနိုင်တဲ့ သတ္တဝါဖြစ်တယ်။ လူ့ဘဝရလာတာ မြင့်မြတ်တဲ့သဘာဝကို ပိုပြီးတော့ အားကောင်းလာအောင် ကြိုးစားဖို့၊ ပြုစုပျိုးထောင်ဖို့ပါပဲ။ လူရဲ့ မြင့်မြတ်မှုကို အကောင်အထည်မဖော်ရင် အဲဒီလူဟာ အသိဥာဏ်ပြည့်စုံတဲ့သူ မဖြစ်နိုင်ဘူး။
🌹🌹🌹
ကိုယ့်ကိုယ်ကို လူသားဆိုတာကို လေးစားတဲ့စိတ်၊ တန်ဖိုးထားတဲ့စိတ်၊ မြတ်နိုးတဲ့စိတ် ရှိရမယ်။ ကိုယ့်ရဲ့လူသားဆိုတဲ့ မြင့်မြတ်မှုကို ကိုယ့်ဟာကိုယ် မဖျက်ဆီးသင့်ဘူး၊ ကိုယ့်ဂုဏ်သိက္ခာကို ကိုယ် မချသင့်ဘူး။
🌹🌹🌹
ကိုယ့်ရဲ့ လူသားဆိုတဲ့မြင့်မြတ်မှုကို အသိအမှတ်ပြုပြီးတော့ အဲဒါကို သိသိမှတ်မှတ် လေးလေးစားစားပဲ ရွေးချယ်ယူဖို့ လိုတယ်။ တကယ်ပြည့်ဝတဲ့၊ ပြည့်စုံတဲ့၊ ချို့တဲ့မှုမရှိတဲ့၊ လူပီသတဲ့လူသားတစ်ယောက် ဖြစ်လာဖို့ဆိုရင် အဲဒီလို ရွေးချယ်မှုကို လုပ်ကိုလုပ်ရမယ်။
🌹🌹🌹
စိတ်ရွှင်လန်းမှုဆိုတဲ့ခံစားမှုဟာ ကိုယ့်စိတ်ကိုကိုယ်သိပြီးတော့ ကိုယ့်ရဲ့ အကောင်းဆုံးစိတ်ထားနဲ့ အသိဥာဏ်တွေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့အခါမှာ ရရှိလာတဲ့ ဖြစ်ပေါ်လာတဲ့ (emotion) ခံစားမှု ဖြစ်တယ်။
🌹🌹🌹
စိတ်ရွှင်လန်းမှုဟာ ကိုယ့်ကိုယ်ကို တန်ဖိုးရှိတဲ့လူသားတစ်ယောက်၊ ဂုဏ်သိက္ခာရှိတဲ့လူသားတစ်ယောက်၊ ငါဟာ မြင့်မြတ်တဲ့လူသားတစ်ယောက်ပါ ဆိုတာမျိုးကို စိတ်ထဲမှာခိုင်ခိုင်မာမာ လေးလေးနက်နက်ခံစားလိုက်ရတဲ့ ခံစားမှုပေါ်မှာအခြေခံတယ်။ လူဖြစ်ပြီးတော့ လူရဲ့မြင့်မြတ်မှုကို နက်နက်နဲနဲမခံစားရရင် လူဖြစ်ကျိုး မနပ်သေးဘူး။
🌹🌹🌹
အမှန်တော့လူမျိုးခွဲခြားတာဟာ စိတ်ကိုကျဉ်းမြောင်းသွားစေတယ်။ သဘောထား သေးသွားစေတယ်။ လူသားဆိုတာကို တစ်ခုတည်းတစ်ပေါင်းတည်း သဘောထားနိုင်ရင် ကောင်းတယ်။ အဲဒါ ပိုပြီးတော့ ကြီးမြတ်တဲ့ လေးနက်တဲ့ ပြည့်ဝတဲ့ ပြည့်စုံမှန်ကန်တဲ့ သဘောထားဖြစ်တယ်။
🌹🌹🌹
ခင်မင်လေးစားတဲ့စိတ်ဟာ အဆင့်အတန်းမြင့်မားတဲ့စိတ်ထား ဖြစ်တယ်။ မေတ္တာစိတ် ကရုဏာစိတ်ဟာ မြင့်မြတ်တဲ့စိတ် ဖြစ်တယ်။
🌹🌹🌹
မြင့်မြတ်တာကိုအာရုံပြုတဲ့အချိန်မှာ သန့်ရှင်းတာလှပတာကိုအာရုံပြုတဲ့အချိန်မှာ စိတ်က ကျန်းမာနေတယ်လို့ ပြောလို့ရတယ်။
🌹🌹🌹
မြတ်စွာဘုရားရဲ့ ကျက်သရေရှိတာ၊ တည်ငြိမ်တာ အေးချမ်းတာ၊ သန့်ရှင်းတာ၊ မေတ္တာ, ကရုဏာ ကြီးတာ၊ ခိုင်မာတာ၊ ရင့်ကျက်တာ၊ လွတ်လပ်တာကို စိတ်ကမှန်းလို့ ရသွားပြီဆိုရင် ကိုယ့်စိတ်က အရင်စိတ်နဲ့မတူတော့ဘူး၊၊ နည်းနည်းမြင့်မြတ်သွားပြီ။
🌹🌹🌹
ကိုယ့်အမြင်တွေ ကိုယ့်စိတ်ထားတွေ ပိုပြီးအဆင့်မြင့်လာအောင် ဘယ်လိုလူနဲ့ ဆက်ဆံရမလဲ၊ ဘယ်လိုအာရုံမျိုးကို အာရုံပြုရမလဲဆိုတာကို သေသေချာချာ စဉ်းစားပြီး ရွေးချယ်ဖို့လိုတယ်။ ကိုယ်တွေးနေတဲ့ အတွေးတွေကိုလည်း သိနေဖို့ လိုတယ်။ ကိုယ့်အတွေးတွေက ကိုယ့်ဘဝကို အများဆုံးလွှမ်းမိုးတယ်။ အာရုံတွေက အတွေးကိုလွှမ်းမိုးတယ်။ အတွေးက ဘဝကိုလွှမ်းမိုးတယ်။
🌹🌹🌹
လောကကြီးမှာ တော်တော်များများဖြစ်နေတာက ကိုယ်က သူ့ကိုအနိုင်မယူရင် သူက ကိုယ့်ကိုအနိုင်ယူတတ်တယ်။ အဲဒီတော့ တချို့လူတွေက အဲသလိုဖြစ်မှာကိုကြောက်ပြီးတော့ သူကကိုယ့်ကိုမနိုင်ခင်မှာ ကိုယ်ကဦးအောင်အနိုင်ယူတဲ့သဘောမျိုး ရှိတယ်။
🌹🌹🌹
တချို့ ပြောလေ့ပြောထရှိတဲ့ စကားလေးတစ်ခုကိုလည်း ကြားဖူးတယ်။ ဟန်ကိုယ့်ဖို့၊ မာန်သူ့ဖို့လို့ ပြောကြတယ်။ အဓိပ္ပာယ်က ကိုယ့်အတွက်အကျိုးများချင်ရင် ဟန်ဆောင်ပြီးဆက်ဆံပါ။ ဟန်ဆောင်ပြီးဆက်ဆံတာ ကိုယ့်အတွက် အကျိုးရှိတယ်လို့ ဆိုလိုတာ။ ဟန်ဆောင်ပြီး ဆက်ဆံတာ ကောင်းသလား၊ ရိုးရိုးသားသား ဆက်ဆံတာ ကောင်းသလား။ အဲဒီတော့ လူ့လောကမှာနေရတာ တော်တော်တော့ မလွယ်ဘူးနော်။ ဘယ်လိုသဘောထားမျိုးထားရမလဲလို့ လေးလေးနက်နက် စဉ်းစားလေလေ ဆုံးဖြတ်ရခက်လေလေပဲ။
🌹🌹🌹
လောကမှာ တကယ်စိတ်ထားမြင့်မြတ်တဲ့ ပုဂ္ဂိုလ်၊ တကယ် အသိဥာဏ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်လို့ ခေါ်လောက်တဲ့ ပုဂ္ဂိုလ်တွေဟာ သူများဘယ်လိုနေနေ သူတို့ရဲ့ လေးနက်တဲ့ မြင့်မြတ်တဲ့ ခံယူချက်ဟာ ဘယ်တော့မှမပြောင်းဘူး။
🌹🌹🌹
ကိုယ့်စိတ်ကို ဘယ်လိုဖြစ်အောင်ထားမယ်ဆိုတာကို ကြိုကြိုတင်တင် သိသိမှတ်မှတ် စဉ်းစားမထားရင်, ဆုံးဖြတ်မထားရင် ပြင်ပကအရာတွေက ကိုယ့်ကို လွှမ်းမိုးသွားလိမ့်မယ်။ နဂိုကတည်းက ကိုယ့်စိတ်ကို ဘယ်လိုဖြစ်အောင်ကြိုစားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ကျင့်စဉ်မရှိရင် ကြုံရာအာရုံတွေက ကိုယ့်စိတ်ကို လုပ်ချင်သလို လုပ်တော့မယ်။ ကြုံရာအာရုံတွေကို လုပ်ချင်သလိုလုပ်ခွင့်ပေးထားသလို ဖြစ်သွားမယ်။ အဲဒီလိုပေးထားရင် ကိုယ့်စိတ်က ပရမ်းပတာ ဖြစ်သွားနိုင်တယ်။
🌹🌹🌹
ကြုံရာအာရုံကိုလိုက်ပြီး ကြုံသလိုဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ်ဟာ တိုးတက်မှု၊ ကြီးပွားမှု ဖြစ်မလာတော့ဘူး။ လောကီအောင်မြင်ရေးမှာလည်း မကြီးပွားတော့ဘူး။
🌹🌹🌹
တကယ်တော့ ကိုယ့်စိတ်ဓာတ် ရင့်ကျက်မှု၊ မြင့်မြတ်မှု၊ ကိုယ့်ကိုယ်ရည်ကိုယ်သွေး မြင့်မားမှု၊ ကိုယ့်အရည်အချင်းတွေ အဆင့်မြင့်မားမှုကသာ ကိုယ့်အတွက် တကယ် ရေရှည် အားကိုးစရာ ကျေနပ်စရာ ဖြစ်တယ်။
🌹🌹🌹
မြင့်မြတ်တဲ့ဘက်ကို သွားနေမှ တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။ ကိုယ့်ရဲ့ အကောင်းဆုံးဂုဏ် အကောင်းဆုံး အရည်အချင်းတွေ အမြင့်ဆုံးရောက်အောင် အကောင်အထည်ဖော်နေမှ တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ဖြစ်နိုင်တယ်။ တစ်နေ့တခြား ပိုပြီး မြင့်မြတ်တာကိုသိမှပဲ တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ဖြစ်ပေါ်လာတယ်၊၊
🌹🌹🌹
အပျော်အပါးတွေ ခံစားပြီး ပျော်ရတာ ပျော်တော့ ပျော်ရပေမဲ့ မြင့်မြတ်မှုသဘော မပါဘူး။ အပျော်အပါး ခံစားရတာ မဟုတ်ဘဲနဲ့ ကိုယ့်ခန္ဓာမှာဖြစ်နေတဲ့ ထွက်လေဝင်လေကို သတိလေးနဲ့ကပ်ပြီး သိနေရတဲ့ အချိန်မှာ ဘာမှမတွေးဘဲနဲ့ နေရတဲ့အတွက် ကြည်လင်အေးချမ်းပြီးတော့ မြင့်မြတ်နေတယ်ဆိုတာ တွေ့ရတယ်။
🌹🌹🌹
အေးချမ်းမှု၊ တည်ငြိမ်မှုကို နှစ်သက်တဲ့စိတ် ရှိတာ၊ မြင့်မြတ်တဲ့စိတ်ထားနဲ့ လေးနက်တဲ့အသိဥာဏ်ကို နှစ်သက်တဲ့စိတ် ရှိတာဟာ လူ့သဘာဝပဲ။ ကိုယ့်သဘာဝထဲမှာ ရှိနေတဲ့ အကောင်းဆုံး အရာတွေကို အတတ်နိုင်ဆုံး ထွက်ပေါ်လာအောင် ကိုယ့်ဟာကိုယ် ကျင့်ကြံအားထုတ်ရတာ စိတ်ကျေနပ်မှု အရဆုံးပါပဲ၊၊
🌹🌹🌹
မြင့်မြတ်တဲ့ဘက်ကို ဦးတည်ပြီး သွားနေရတာဟာ ပျော်စရာ အကောင်းဆုံး၊ ကျေနပ်စရာ အကောင်းဆုံးပါ။ ဒီပျော်နည်း၊ ဒီကျေနပ်မှုကို သေသေချာချာ ခံစားလို့ ရသွားရင် တခြားပျော်နည်း၊ ကျေနပ်နည်းတွေဟာ တော်တော် အပေါ်ယံ ဆန်တယ်ပါလားဆိုတာ သိရတယ်။
🌹🌹🌹
ဒီလို အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သဘောပေါက်နိုင်ရင် ကိုယ့်ဘဝဟာ ပိုပြီးတော့ လေးနက်မယ်၊ တန်ဖိုးရှိမယ်၊ ဦးတည်ချက်မှန်မယ်၊ အင်မတန် အဖိုးတန်တဲ့ဘဝ၊ အင်မတန် အဖိုးတန်တဲ့အချိန်တွေ၊ အင်မတန် အဖိုးတန်တဲ့ ကိုယ့်ရဲ့စိတ်ဓာတ်အင်အားတွေ၊ ခန္ဓာကိုယ်အင်အားတွေဟာ ဘာမှ အရေးမကြီးတဲ့ ကိစ္စတွေဘက်ကိုရောက်ပြီးတော့ အကျိုးမရှိဘဲ ကုန်သွားတာမျိုး မဖြစ်တော့ဘူး။
🌹🌹🌹
မရိုးသားတာ တစ်ခုလုပ်မိပြီးတော့ ငါ မရိုးသားပါလားလို့ သိတဲ့အခါမှာ ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု တော်တော်လျော့တယ်။ ကိုယ့်ကိုယ်ကို တကယ်ကြည်ညိုလို့ မရဘူး။ ကိုယ့်ကိုယ်ကို တကယ်တန်ဖိုးထားလို့ မရဘူး။ သူများကလည်း ကိုယ့်ကို တကယ်လေးစားတယ်၊ တန်ဖိုးထားတယ်လို့လည်း ယုံကြည်ဖို့ရာ ခက်နေတယ်။ ဆက်ဆံရေးတွေမှာကအစ သိပ်မပီပြင်ဘူး မရေရာဘူး။
🌹🌹🌹
အဲဒီလို မရိုးသားတာတွေကို မရိုးသားမှန်းသိရက်နဲ့ လုပ်နေတဲ့အခါမှာ ဆုံးရှုံးသွားတဲ့ လူသားရဲ့ မြင့်မြတ်မှုဆိုတာဟာ တန်ဖိုးဖြတ်လို့မရတဲ့အရာ ဖြစ်တယ်။ မြင့်မြတ်မှုကို ရောင်းစားနေတာနဲ့ တူနေတယ်။
🌹🌹🌹
ကိုယ့်အတွက် အကျိုးအမြတ်ရဖို့ တစ်ခုကိုပဲ ဦးစားပေးပြီးတော့ လူအများထိခိုက်တာကို လုပ်နေရင် ငွေတော့ရမယ်၊ မြင့်မြတ်တဲ့စိတ်ကိုတော့ အဆုံးရှုံးခံလိုက်ရမယ်။ အဲဒီလူဟာ စိတ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ဘူး။
🌹🌹🌹
အခက်အခဲကြုံလာလို့ မရိုးသားတဲ့နည်းနဲ့ ပြဿနာကို ဖြေရှင်းလိုက်တဲ့လူဟာ မရိုးသားတဲ့လူ ဖြစ်သွားပြီနော်။ အဲဒီကတည်းက သူက ပျက်စီးသွားပြီ၊ သူ့ရဲ့ စိတ်ဓာတ်က ပျက်စီးသွားပြီ။
🌹🌹🌹
လူတစ်ယောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့စိတ်ဓာတ် ပျက်စီးသွားတယ်ဆိုရင် သူ့အတွက် တကယ်တော့ ဘာမှ မကျန်တော့ဘူး။ သူ့စိတ်ဓာတ်နဲ့ သူ့အသိဥာဏ်က ကြာလေလေ နိမ့်ကျသွားလေလေပဲ ဖြစ်မှာ။ ကြာရင် ဒီလူဟာ မြင့်မြတ်တဲ့လူ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ အရည်အချင်းရှိတဲ့လူ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ ယုတ်နိမ့်တဲ့လူပဲ ဖြစ်သွားတော့မှာပဲ။
🌹🌹🌹
ကိုယ့်စိတ်ကိုကိုယ် ကြည့်တတ်တဲ့သူဆိုရင် ကိုယ့်စိတ်ကိုကိုယ် ကြည့်လိုက်တိုင်း ဘယ်လို ဆင်ခြေတွေ ပေးပေး၊ အကြောင်းပြချက်တွေက ဘယ်လောက်ပဲ ကောင်းတယ် ပြောပြော မလုပ်သင့်တာတစ်ခုကို လုပ်မိတဲ့အခါမှာ စိတ်မှာ ဒဏ်ရာတစ်ခုခုတော့ ရသွားတာပဲဆိုတာ သေသေချာချာ သိတယ်။🌿🌿
🌹🌹🌹
သူများကို ဒုက္ခရောက်အောင်လုပ်ပြီး သူများ ကိုယ့်ကို ကြောက်ပြီး ပူဇော်မှ ပသမှ ကျွေးမှ ကိုယ့်ဘဝရပ်တည်နိုင်တဲ့သူဟာ အဆင့်နိမ့်တယ်။ သူများကို ထိခိုက်နစ်နာအောင်လုပ်မှ ကိုယ့်မှာ အကျိုးရှိမယ်ဆိုပြီးတော့ လုပ်နေကြတဲ့ လူတွေဟာ တော်တော် အဆင့်နိမ့်တယ်။ သူများရှုံးမှ ကိုယ်ကနိုင်ရမယ့် ဘဝဟာ တော်တော် အဆင့်နိမ့်တယ်။ သူများနစ်နာမှ ကိုယ်အကျိုးရှိမယ့် ဘဝမျိုးဟာ တော်တော် အဆင့်နိမ့်ပါတယ်။ သူများဒုက္ခရောက်မှ ကိုယ့်ဘဝ အဆင်ပြေမယ့်သူတွေဟာလည်း တော်တော် အဆင့်နိမ့်တာပါပဲ။ သူများအဆင်မပြေမှ ကိုယ် အဆင်ပြေမယ့် ဘဝမျိုး။
🌹🌹🌹
သူများကိုဒုက္ခရောက်အောင်လုပ်ဖို့ မလိုပဲ ကိုယ့်ဘဝမှာ ကောင်းတဲ့နည်းနဲ့ ပြည့်စုံလုံလောက်နေတဲ့သူ၊ ဘဝအဆင့်အတန်း၊ စိတ်နေသဘောထားအဆင့်အတန်း မြင့်တဲ့သူဟာ သူတစ်ပါးကို အကူအညီပေးတယ်၊ ဒုက္ခမပေးဘူး။ သူတို့ဘဝဟာ အဆင့်မြင့်တယ်။
🌹🌹🌹
တစ်ကိုယ်ကောင်းဆန်တဲ့သူတွေ များလေ လူ့လောကမှာ အခက်အခဲတွေ မမျှတမှုတွေ များလေ ဖြစ်မယ်။ ဒါကြောင့် မျှတတဲ့သဘောထား ရှိတဲ့သူတွေများလာအောင် ကိုယ့်ကိုယ်ကနေ စပြီးတော့ ကိုယ့်စိတ်ထားကို မြှင့်တင်ပေးရမယ်။ ကိုယ့်စိတ်ထဲမှာ မတရားလောဘဖြစ်နေတာကို မြင်ပြီးတော့ လျှော့နိုင်ရင် ကိုယ့်စိတ်ထား မြင့်လာတယ်။ ကိုယ့်စိတ်ထား မြင့်လာတာဟာ လောကကြီး မြင့်လာတာလို့ ဆိုနိုင်တယ်။ လောကကြီးကို ပိုကောင်းလာစေချင်ရင် ကိုယ့်ကိုယ်ကို ပိုပြီးစိတ်ထားမြင့်တဲ့သူ ဖြစ်အောင် ကြိုးစားရမယ်။ ဒီနေရာကနေစမှ ရတယ်။
🌹🌹🌹
ကိုယ်ကြုံတွေ့ရတဲ့ လောကဓံတရားတွေဟာ ကိုယ့်ကို ဘယ်လိုပုံဖော်မယ်ဆိုတာ ကိုယ့်သဘောထား (attitude) အပေါ်မှာ အများကြီး မူတည်တယ်။
🌹🌹🌹
လူတွေမှာ basic need (အခြေခံလိုအပ်ချက်) နဲ့ higher need (အဆင့်မြင့်လိုအပ်ချက်)ဆိုပြီးတော့ အကြမ်းအားဖြင့် လိုအပ်ချက်နှစ်မျိုး ရှိတယ်။ basic need ဆိုတာ ရိုးရိုးပြောရရင် စားဝတ်နေရေးပါပဲ။ လူမှာ စားဝတ်နေရေး ပြည့်စုံဖို့လည်း လိုတယ်၊ အချစ်ခံရဖို့လည်း လိုတယ်၊ ကိုယ်က ပြန်ချစ်ဖို့လည်း လိုတယ်။ အဲဒါမှ သူ့စိတ်ထဲမှာ လုံခြုံမှု ဖြစ်တယ်။
🌹🌹🌹
basic need ပြည့်စုံပြီဆိုရင် higher need (အဆင့်မြင့်လိုအပ်ချက်) ကို တောင်းလာတယ်။ အသိဥာဏ် မြင့်မားမှုအပိုင်းနဲ့ စိတ်ဓာတ်နဲ့ အသိဥာဏ် မြင့်မြတ်မှုဘက်ကို မသွားလို့ရှိရင် လောကီဘက်က ဘယ်လောက်ပဲ ပြည့်စုံ ပြည့်စုံ အဲဒီလူဟာ သူ့ဘဝမှာ တစ်ခုခု ဟာနေတယ်လို့ ခံစားရမယ်။ တစ်ခုခု စိုးရိမ်နေသလို၊ ကြောက်နေသလို ခံစားရမယ်။
🌹🌹🌹
higher need လို့ခေါ်တဲ့ ကိုယ်ကျင့်တရားနဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ မြင့်မြတ်တဲ့ လေးနက်တဲ့ အသိဥာဏ်ပိုင်း၊ စိတ်ရဲ့တည်ငြိမ်မှု၊ အေးချမ်းမှုပိုင်းကို လေ့လာပွားများတာ များလာတဲ့အခါမှာ ကိုယ့်ကိုယ်ကိုကိုယ် လေးစားမှု၊ ယုံကြည်မှု၊ အားကိုးမှု၊ တန်ဖိုးထားမှုဆိုတာတွေ တဖြည်းဖြည်း မြင့်လာတယ်။ အဲဒီအခါမှာ ကိုယ့်ဘဝကိုကိုယ် ပိုပြီးကျေနပ်မှု ရလာတယ်။
🌹🌹🌹
လူတိုင်းမှာ ကိုယ့်ရဲ့ စိတ်နေသဘောထားနဲ့ အသိဥာဏ် မြင့်မားနိုင်တဲ့ အလားအလာရှိတယ်။ Mindfulness is human nature. သတိနဲ့နေတာဟာ လူ့သဘာဝ ဖြစ်တယ်။ Human nature လူ့သဘာဝတင်မကဘူး Human need လူ့လိုအပ်ချက်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ပညာတတ်လာပြီ၊ အလုပ်အကိုင် ရှိလာပြီ၊ စားဝတ်နေရေး ပြည့်စုံလာပြီဆိုရင် ကိုယ့်စိတ်ရဲ့ (Spiritual Need) စိတ်ရဲ့ မြင့်မြတ်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ လိုအပ်လာပြီ။ အဲသလိုမှ မလုပ်လို့ရှိရင် ဘဝဟာ အဓိပ္ပါယ်မရှိဘူးလို့ ခံစားရတော့မယ်။ မလေးနက်ဘူး၊ အနှစ်သာရမရှိဘူးလို့ ခံစားရတော့မယ်။
🌹🌹🌹
လူတော်တော်များများ စိတ်ဓာတ်ကျတာ ဘာကြောင့်လဲဆိုတော့ "ငါ့ဘဝ အဓိပ္ပါယ်မရှိဘူး" လို့ ခံစားရလို့ ။ အဲသလို ခံစားနေရတာဟာ သူ့ရဲ့ Spiritual Need ဆိုတဲ့ စိတ်မြင့်မြတ်မှု လိုအပ်ချက်ကို မရလို့ဘဲ။ အဲသလိုလူဟာ တရားအားထုတ်လိုက်လို့ စိတ်အေးချမ်းမှု ရလာမယ်၊ စိတ်ကြည်လင်သန့်ရှင်းပြီးတော့ မြင့်မြတ်လာမယ် ဆိုရင် သူ့ဘဝကိုသူ ပိုပြီး ကျေနပ်မယ်။
🌹🌹🌹
ခန္ဓာကိုယ်လိုအပ်ချက် (biological needs) လောက်ကိုပဲ ဦးစားပေးပြီး နေသွားမယ်ဆိုရင် ကိုယ့်ဘဝဟာ သိပ်ကျဉ်းမြောင်းနေမယ်၊၊ တစ်ဖက်က အသိဥာဏ်နဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ (intellectual needs) လည်း ရှိမယ်။ ခံစားမှုနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ (emotional needs) တွေလည်း ရှိမယ်။ မြင့်မြတ်မှုကို လိုအပ်တာ (Spiritual Need) လည်းရှိတယ်။ ဥပမာ- မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာတရား၊ အမှန်တရားကိုသိမြင်မှု၊ လွတ်လပ်မှု၊ ဆိုပါတော့။ မြင့်မြတ်တဲ့စိတ်ဓာတ်နဲ့ အသိဥာဏ်ပိုင်းဆိုင်ရာကို ရဖို့။ ဒါလည်း လိုအပ်ချက်တစ်ခု ဖြစ်တယ်နော်။ မြင့်မြတ်တဲ့အသိဥာဏ်နဲ့ စိတ်ဓာတ်ပိုင်း ချို့တဲ့နေမယ်ဆိုရင် လူ့ဘဝဟာ အေးချမ်းတဲ့ဘဝ မဖြစ်နိုင်တော့ဘူး။ မအေးချမ်းတဲ့ဘဝ ဖြစ်လာလိမ့်မယ်။ ဒုက္ခတွေ အင်မတန်များတဲ့ဘဝ ဖြစ်လာလိမ့်မယ်။
🌹🌹🌹
ကိုယ့်ကိုယ်ကို အားရတာ၊ ကျေနပ်တာ၊ ကိုယ့်ဘဝကိုကိုယ် အားရတာ၊ ကျေနပ်တာ ဆိုတာမျိုးဟာ သူများပေးလို့ မရဘူး။ ကိုယ့်ဟာကိုယ် ဖြစ်အောင် လုပ်ယူရတယ်။ ကိုယ့်ကိုယ်ကိုကိုယ် ရိုးရိုးသားသား ကျေကျေနပ်နပ် လက်ခံနိုင်မှ ရတယ်။ ကိုယ့်ကိုယ်ကို အားရမှ ကျေနပ်မှ ပြည့်စုံနေတယ် ကျေနပ်နေတယ်လို့ ပြောလို့ရတယ်။ ပစ္စည်းဥစ္စာတွေ၊ ရာထူးတွေ အဆင့်မြင့်ရုံနဲ့ ကိုယ့်ကိုယ်ကို အားရတာ ကျေနပ်တာကို မခံစားနိုင်ဘူး။ မြင့်မြတ်တဲ့စိတ်ထားနဲ့ တန်ဖိုးရှိတဲ့အလုပ်ကို စိတ်ရောကိုယ်ပါ အားသွန်ပြီး လုပ်နေမှ ကိုယ့်ကိုယ်ကို အားရတာ၊ ကျေနပ်တာကို ခံစားနိုင်မယ်။ ကိုယ့်ဘဝကိုတကယ်ကျေနပ်ချင်ရင် စိတ်ထားကောင်းတဲ့သူ စောင့်စည်းမှု ရှိတဲ့သူ၊ အကျိုးရှိတာတွေ လုပ်နေတဲ့သူဖြစ်ဖို့ လိုတယ်။
🌹🌹🌹
အဓိပ္ပါယ်ရှိတဲ့ ဘဝအမြင်ကို ရထားတဲ့သူဟာ ဘယ်လောက်ဒုက္ခတွေနဲ့ ကြုံရကြုံရ ခံနိုင်တယ်။ ဒုက္ခနဲ့တွေ့ရလို့ စိတ်ဓာတ်မကျဘူး။ လောကဓံကို အရှုံးမပေးဘူး။ ကိုယ့်ရဲ့ မြင့်မြတ်တဲ့စိတ်ထားကို အပျက်မခံဘူး။ ဘဝကို ရောင်းမစားဘူး။ ကိုယ့်ကိုယ်ကိုကိုယ် တန်ဖိုးမချဘူး။ အားလုံးကို ခံနိုင်ရည်ရှိအောင် မြင့်မြတ်တဲ့စိတ်က ခံနိုင်ရည်ကို ပေးတယ်။
🌹🌹🌹
ကိုယ့်ကိုယ်ကို ပိုပြီး စိတ်နေသဘောထားနဲ့ အသိဥာဏ် မြင့်တဲ့သူဖြစ်အောင် လုပ်နိုင်တဲ့သူဟာ ပိုပြီး power ကြီးတဲ့သူပဲ။ ဒီ power မျိုးကို spiritual power လို့ ခေါ်တယ်။ ဒီလိုလူဟာ အားငယ်စိတ် မရှိဘူး။ သိမ်ငယ်စိတ် မရှိဘူး။ ဒီအလုပ်ဟာ သူများ လုပ်ပေးလို့ မရဘူး။ ကိုယ့်ဟာကိုယ် လုပ်မှ ရတယ်။ ကိုယ့်ဟာကိုယ်လုပ်မှ ရလို့ ကိုယ့်အားကိုယ်ကိုးတဲ့စိတ်ဓာတ် ရှိတဲ့သူမှ လုပ်နိုင်တယ်။ ဒီလိုလုပ်တဲ့သူဟာ ကြာလေ ကိုယ့်အားကိုယ်ကိုးလေ ဖြစ်လာတယ်။ လောကမှာ အားကိုးစရာအကောင်းဆုံးလူဟာ ကိုယ်ပဲဆိုတာကို နားလည်းလာတယ်။ ဒီလို spiritual power (မြင့်မြတ်သောစိတ်ဓာတ်စွမ်းရည်) ကို ရမှ တကယ် power ရှိတဲ့သူ ဖြစ်ပါတယ်။
🌹🌹🌹
အတ္တစွဲကြီးကြီးနဲ့၊ သေးသိမ်တဲ့စိတ်နဲ့၊ သဘောထားသေးတဲ့စိတ်နဲ့ ဘဝကို နေသွားနေတာ လေးလံတယ်။ အတ္တစွဲကို လျှော့ပြီး မာနကိုလည်း လျှော့ပြီး၊ သဘောထားကြီးတဲ့စိတ်နဲ့ မြင့်မြတ်တဲ့ values တစ်ခုကို တန်ဖိုးထားပြီးတော့ ဘယ်လို အခြေအနေမှာဖြစ်ဖြစ် ဒီ values ကို အပျောက်မခံပဲနဲ့ ကိုယ့်ဘဝကို ကိုယ် နေသွားမယ်ဆိုရင် ပိုပြီးတော့ ပေါ့ပါးမယ်။ အတ္တစွဲနဲ့နေရတာ မလွတ်လပ်ဘူး။ မြင့်မြတ်မှုကို တန်ဖိုးထားပြီးနေရတာ လွတ်လပ်တယ်။
🌹🌹🌹
စိတ်ဓာတ်ရော အသိဥာဏ်ရော ပြည့်ဝတဲ့ ရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့ လက္ခဏာဆိုတာ ဘယ်လိုဟာလဲဆိုတော့ အဲဒီလူရဲ့ဘဝ အဲဒီလူရဲ့နေပုံထိုင်ပုံဟာ သူကိုယ်တိုင် ရွေးချယ်ထားတဲ့ အဆင့်မြင့်တဲ့ ရည်မှန်းချက်ဆိုတဲ့ ဗဟို အချက်အချာနားမှာ စုစည်းနေတယ်။ သူနေပုံထိုင်ပုံ လုပ်ပုံကိုင်ပုံဟာ သူ့ရည်မှန်းချက်ကနေ သွေဖည်မသွားဘူး။ ရင့်ကျက်တဲ့ ပြည့်ဝတဲ့သူဆိုတာ တကယ်ရေရှည် ကိုယ့်အတွက်ရော၊ အများအတွက်ပါ ထိထိရောက်ရောက် အကျိုးရှိတဲ့ကိစ္စကိုပဲ လုပ်ချင်တယ်။ သူ လိုချင်တာက ကလေးဆန်ဆန်လိုချင်တာ မဟုတ်ဘူး။ လူကြီးဆန်ဆန် ဥာဏ်နဲ့စဉ်းစားပြီးတော့ အကောင်းဆုံးကို လိုချင်တာပဲ ဖြစ်တယ်။ သူ ချစ်တယ်ဆိုတာက ဝတ္တရားအရ ချစ်တာ မဟုတ်ဘူး၊ သူ့ ပင်ကိုဆန္ဒအရ ချစ်တာပဲ။ သူ့စိတ်ထားဟာ လေးနက်တဲ့ မြင့်မြတ်တဲ့အတွက် သူလုပ်သမျှဟာ အဲဒီလေးနက်တဲ့ မြင့်မြတ်တဲ့ စိတ်ထားမှာ အခြေခံတယ်။ အလုပ်လုပ်တဲ့ အခါမှာလည်းပဲ စက်ရုပ်ကြီးတစ်ခုလို ဘာမှ စဉ်းစားနေတာ မပါပဲနဲ့၊ စိတ်မပါပဲနဲ့ လုပ်နေရတာမျိုး မဟုတ်ဘူး။ သူလုပ်နေတဲ့ အလုပ်ရဲ့တန်ဖိုးကို သတိနဲ့ ဥာဏ်နဲ့ကို ကြည့်ပြီးတော့ ယုံကြည်တယ်။ သူ့အလုပ်ဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ သူ သိနေတယ်။ ဒါ့ကြောင့် သူ စိတ်ပါ လက်ပါ လုပ်တယ်။
🌹🌹🌹
တရားကို အမြဲတမ်း အားထုတ်နေတဲ့သူဟာ လောဘ၊ ဒေါသ တဖြည်ဖြည်း နဲလာတယ်။ ပိုပြီးတော့ စိတ်က သိမ်မွေ့နှုးညံ့လာတယ်၊ အေးချမ်းလာတယ်။ အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ် ဖြစ်တဲ့အခါမှာ လူတစ်ယောက်ကိုမြင်လိုက်ရင် အလိုလိုနေရင်း မေတ္တာစိတ် ရှိတယ်။ ချစ်ခင်တဲ့စိတ်၊ လေးစားတဲ့စိတ်၊ ဒုက္ခနဲစေချင်တဲ့စိတ်၊ စိတ်ချမ်းသာကိုယ်ချမ်းသာ ဖြစ်စေချင်တဲ့စိတ် ဖြစ်လာတယ်။ ပြောတဲ့ ဆိုတဲ့အခါမှာလည်း တစ်ဖက်သားကို စိတ်ဆင်းရဲသွားစေမယ့် စကားမျိုးကို မပြောဖြစ်ဘူး။ သတိမရှိတဲ့သူဟာ အမှတ်တမဲ့ သူများစိတ်ဆင်းရဲမယ့် စကားမျိုးကို ပြောတတ်တယ်။ သတိရှိလာတဲ့သူကျတော့ စိတ်ချမ်းသာမယ့် စကားကို ပြောတယ်။ အကျိုးရှိမယ့် စကားကိုပဲ ပြောတယ်။ သတိနဲ့ နေတဲ့သူက ဒေါသ အဖြစ်နဲတယ်။ မေတ္တာက အလိုလို စိတ်ထဲမှာ ရှိနေတယ်။ သူတစ်ပါးကို အထင်သေး အမြင်သေး မဖြစ်ဘူး။ သူတစ်ပါးရဲ့ အပြစ်ကို အလိုလိုနေရင်း ခွင့်လွှတ်ပြီးသား ဖြစ်နေတယ်။ ဒီလိုလူရဲ့စိတ်က မြင့်မြတ်နေတယ်။
🌹🌹🌹
မြင့်မြတ်တဲ့သဘာဝက ကိုယ့်ဘဝကို လမ်းတည့်ပေးတာကို လက်ခံပါ။ မြင့်မြတ်တဲ့စိတ်တွေနဲ့ အချိန်များများ နေတတ်အောင် အလေ့အကျင့် လုပ်ပါ။ မြင့်မြတ်တဲ့သဘာဝရဲ့ စွမ်းအားက ကိုယ့်ဘဝရဲ့ လမ်းပြ ဖြစ်လာရင် ကိုယ့်ဘဝမှာ ဖြစ်နိုင်သမျှ အကောင်းဆုံးအရာတွေဟာ ဖြစ်လာမယ်။ ကိုယ့်ရဲ့ မြင့်မြတ်တဲ့သဘာဝကို မြတ်မြတ်နိုးနိုး တန်ဖိုးထားရင်၊ ကိုယ်သိချင်နေတဲ့ အဖြေတွေကို ရမယ်။ ကိုယ်လိုအပ်နေတဲ့ လမ်းညွှန်မှုတွေကို ရမယ်။ ကိုယ်လိုချင်နေတဲ့ အကူအညီကို ရမယ်၊၊✌🏾️✌🏾
credit
🍀ဆရာတော်ဦးဇောတိက🍀
🍂( မဟာမြိုင်တောရ )🍂
💧“ တွေးမိတိုင်း ပျော်တယ် ”💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
📖(စာမျက်နှာ- ၂၂၄)📖
No comments:
Post a Comment