" အသိ နှင့် သတိ ရှိကြပါ "
ကမ္ဘာပေါ်တွင် ဘာသာအယူဝါဒများစွာရှိပါသည်။ အယူဝါဒစတီထွင်များကို ဝါဒရှင်ဟု ခေါ်ပါသည်။ ထို ဝါဒရှင်များသည် မိမိတို့၏အယူဝါဒများကို မပျောက်ပျက်ရအောင် လက်ဆင့်ကမ်းပို့ချခဲ့ကြသည်။ ဤနည်းဖြင့် ဘာသာအယူဝါဒများ ပြန့်ပွားလာပါသည်။ ထိုသို့ ပြန့်ပွားလာသည်နှင့်အမျှ ဝါဒတစ်ခုနှင့်တစ်ခု ရောယှက်မှုများ ၊လွှမ်းမိုးမှုများ ရှိလာပါသည်။
ထိုဝါဒများကို အကြမ်းဖျင်းခွဲကြည့်လျှင် ' ဖန်ဆင်းရှင် ' နှင့် ' အတ္တ' ဝါဒ၊ ' ကံ ' နှင့် ' အနတ္တ ' ဝါဒ နှစ် မျိုးသာရှိသည်။
ကမ္ဘာကြီးသည် နိယာမသဘောအရ မီး၊ ရေ၊ လေ ဖျက်၍ ပျက်သောအခါ နိယတမိစ္ဆာဒိဋ္ဌိပုဂ္ဂိုလ်များ အခြားကမ္ဘာသို့ ပြောင်းရွှေ့ခံကြရပြီး ကျန်သတ္တဝါများသည် ဈာန်စိတ်ဖြင့် မပျက်စီးသောအထက် ဗြဟ္မာဘုံများ ၌ ဖြစ်ကြရ၏။ ကမ္ဘာပျက်သောအခါ ကမာဝစရဘုံနှင့် အချို့ဗြဟ္မာဘုံတို့ ပျက်စီး၏။
ပျက်စီးပြီးနောက် နိယာမသဘောအရ အောက်ဗြဟ္မာဘုံများ၊ နတ်ဘုံများ၊ လူ့ဘုံ၊ တိရစ္ဆာန်ဘုံ ၊ ငရဲဘုံများ တည်လာပြန်သည်။( ကမ္ဘာပျက်ပုံတည်ပုံကို သင်္ဂြိုလ်ဘာသာဋီကာ၌ ကြည့်ပါ) ထိုသို့ ပြန်တည်လာ သောအခါ အထက်ဗြဟ္မာ့ဘုံမှ ဗြဟ္မာတစ်ယောက်သည် သက်တမ်းစေ့၍သော်လည်းကောင်း၊ ကံကုန်၍သော် လည်းကောင်း ထိုဘုံမှစုတေ၍ ပိုင်ရှင်မဖြစ်သေးသော အောက်ဗြဟ္မာဘုံ၌ ဦးစွာလာဖြစ်၏။ ထိုဗြဟ္မာသည် ကြာ သောအခါ တစ်ဦးတည်းနေရသည်ကို ငြီးငွေ့၍ ' အဖော်ရလျှင် ကောင်းမှာပဲဟု ' တောင့်တနေစဉ် အခြားဗြဟ္မာ ဘုံမှ ပုဂ္ဂိုလ်များသည်လည်း သက်တမ်းကုန်၍ ကံအားလျော်စွာ လိုဘုံသို့ရောက်လာ၏။ ထိုအခါ ပထမရောက် နှင့်နေသော ဗြဟ္မာကြီးသည် ' ငါသည် မဟာဗြဟ္မာကြီးဖြစ်၏။ ထိုသူတို့သည် ငါတောင့်တ၍ ဖြစ်လာကြကုန်၏။ ငါသည် အလုံးစုံအစိုးရသူဖြစ်၏။ သတ္တဝါများကို ငါဖန်ဆင်းထား၏ ' ဟု မိမိကိုယ်ကို အထင်ကြီးလေတော့၏။
နောက်မှရောက်လာသော ဗြဟ္မာငယ်များမှာလည်း ပထမရှိနှင့်နေသော ဗြဟ္မာကြီးအား ' ဤဗြဟ္မာကြီး သည် ငါတို့ထက် ပထမဖြစ်နှင့်နေ၏။ ငါတို့ထက် အဆင်းလှ၏။ ကိုယ်ရောင်ကိုယ်ဝါတောက်ပ၏။ ငါတို့ကို အစိုး ရ၏။ ငါတို့ကို ဖန်ဆင်းထား၏ ' ဟု အတွေးဝင်လေ၏။
ထိုဗြဟ္မာငယ်များသည် ကံအားလျော်စွာ ဗြဟ္မာကြီးထက် အလျင်စုတေကြရ၏။ အချို့မှာ လူ့ပြည်၌ဖြစ် ကြရာ သမထဈာန်တရားများ ကျင့်ကြသောအခါ နောက်ဘဝများကို အောက်မေ့နိုင်သော ' ပုဗ္ဗေနိဝါသဉာဏ် ' 'ကို ရကြလေသည်။ ထိုသို့ နောက်ဘဝများကို ပြန်မြင်သောအခါ ' ဗြဟ္မာကြီးသည် မသေဘဲ ယခုတိုင်ရှိနေသေး၏။ ဗြဟ္မာမင်းကြီးကာ မြဲ၏။ ငါတို့ကား မမြဲ၊ ဗြဟ္မာမင်းကြီးက ဖန်ဆင်းရှင်ဖြစ်၏ ' ဟူသော အယူပြန့်ပွားလာလေ၏။
ဗြဟ္မဇာလသုတ်တွင် နတ်ဘဝမှစုတေ၍ ရှေးဘဝကို ပြန်မြင်၍ အယူမှားသူ၊ ရှေးကမ္ဘာပေါင်းလေးဆယ် ကို ပြန်မြင်နိုင်၍ အယူမှားသူ စသည်ဖြင့် ' ဖန်ဆင်းရှင်နှင့် အတ္တဝါဒ ' ကို အကျယ်ရှင်းထားပါသည်။
ဤဖန်ဆင်းရှင်နှင့် အတ္တဝါဒသည် ဘုရားမပွင့်မီက အလွန်ခေတ်စားခဲ့ပါသည်။ မင်းနှင့်တကွ ပြည်သူ များက ယုံကြည်ခဲ့ကြပါသည်။ မြတ်စွာဘုရားပွင့်တော်မူလာသောအခါ ထိုအယူဝါဒများ မဟုတ်မမှန်ကြောင်း ရှင်းပြ၏။ မြတ်စွာဘုရားရှင်က သတ္တဝါများသံသရာ၌ကျင်လည်ရခြင်းသည် မိမိတို့ပြုလုပ်ခဲ့သော' ကံ 'ကြောင့် သာ ဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ဖန်ဆင်းထားခြင်းမဟုတ်၊ ထိုသို့ကျင်လည်ရာ၌လည်း ' အတ္တ ' ကောင်က တစ်ဘဝပြီးတစ်ဘဝ ကူးသွားခြင်းမဟုတ်၊ ' ကံ ' သဘောအလျောက် အသစ်သစ်ဖြစ်ခြင်းကို ' ပဋိစ္စ သမုပ္ပါဒ် ' ဖြင့် ရှင်းလင်းထား၏။ ဗုဒ္ဓဝါဒသည် ' အနတ္တ ' သာဖြစ်သည်။
ဤနေရာ၌ အတ္တအကြောင်းကို အနည်းငယ်ရှင်းပါမည်။
သာသနာပပုဂ္ဂိုလ်တို့က ' အတ္တ ' ဆိုသည်မှာ ခန္ဓာကိုယ်၏ အပြုမူမှန်သမျှကို ' အတ္တ ' ကောင်ကသာ ခံစားပြုမူစေခြင်း ' ကာရကသတ္တိ ' ၊ ခန္ဓာကိုယ်၏ ခံစားမှုမှန်သမျှကို ' အတ္တ ' ကောင်ကသာ ခံစားခြင်း ' ဝေဒက သတ္တိ ' ၊ ခန္ဓာကိုယ်နှင့်သက်ဆိုင်သောအရာမှန်သမျှကို ' အတ္တ ' က စိုးပိုင်နိုင်ခြင်း ' သာမိသတ္တိ ' ၊ ခန္ဓာကိုယ် ပျက်စီးသော်လည်း ' အတ္တ ' ကမပျက်စီးဘဲ ဘဝတစ်ပါးသို့ ပြောင်းရွှေ့နေထိုင်ခြင်း ' နိဝါသီသတ္တိ '၊ ခန္ဓာကိုယ် နှင့်ဆိုင်ရာကို မိမိအလိုသို့လိုက်ပါစေနိုင်ခြင်း ' သယံဝသီသတ္တိ ' စသည့် အစွမ်းသတ္တိရှိသည်ဟု ယူဆကြပါ သည်။
ထိုအတ္တအပေါ်အခြေတည်၍ ဘဝဆက်ခြင်းကိုယူသော ' သဿတဒိဋ္ဌိ '၊ ဘဝပြတ်ခြင်းကိုယူသော ' ဥစ္ဆေဒဒိဋ္ဌိ ' နှင့် ( ၆၂ ) ပါးသော ဒိဋ္ဌိများ ပေါက်ပွားလာရပါသည်။
မြတ်စွာဘုရားမပွင့်မီ အိန္ဒိယနိုင်ငံတွင် အတ္တနှင့်ပတ်သက်၍ အယူဝါဒဂိုဏ်းကွဲများစွာ ရှိနှင့်နေပါသည်။ အချို့ဂိုဏ်းများက အတ္တကို ဖန်ဆင်းရှင်ဖန်ဆင်းသည်ဟု ယူဆ၏။ အချို့က ဖန်ဆင်းရှင်ကိုလက်မခံပေ။ သူတို့ သည် ဘဝရခြင်းဒုက္ခကို အသင့်တင့်နားလည်ကြပါသည်။ ထို့ကြောင့် ထိုဘဝမှလွတ်မြောက်ရန် အားထုတ်ကြ ပါ၏။ သူတို့၏ အားထုတ်မှုသည်ကား အတ္တကိုအခြေတည်၍ အားထုတ်မှုဖြစ်၏။ အတ္တလေးသည် ခန္ဓာကိုယ်ထဲ ၌ အနှောင်ဖွဲ့ခံနေရ၏။ တစ်လောကလုံးရှိ လူ၊ နတ်၊ တိရစ္ဆာန် စသည်တို့သည် အပေါ်ယံမာယာမျှသာ ဖြစ်သည် ။ အားလုံးတူညီသည်မှာ အတ္တသာဖြစ်သည်။ ထိုသို့ဖြစ်ကြောင်းကို ဉာဏ်ဖြင့်မျက်မှောက်ပြုသိလျှင် အတ္တလေး သည် ခန္ဓာကိုယ်မှ အပြီးအပိုင်လွတ်မြောက်မှု ရသွားလေတော့၏။
ထိုအတ္တလေးကို အချို့က နှလုံးအိမ်၌တည်သည်ဟု ပြော၏။ အချို့က တစ်ကိုယ်လုံး၌ ပျံ့နှံ့နေ၏ ဟု ဆို၏။ ထိုသို့ အယူအဆမတူလေသောအခါ အကျင့်လည်း မတူကြတော့ပေ။ ဖန်ဆင်းရှင်နှင့်အတ္တကိုယုံကြည် သောသူတို့မှာ တော၊တောင်ကို ကိုးကွယ်ခြင်း၊ မီးကိုလုပ်ကျွေးခြင်း စသည် မြောက်များလှစွာသော ကိုးကွယ် မှုကိုပြုကြ၏။ ဤသို့ ကိုးကွယ်ရာမှ ဝေဒစာပေများ ပေါ်လာပါသည်။
နေကြတ်၊ လကြတ်၊ နက္ခတ်တာရာတို့ကို ကြည့်၍ ဖန်ဆင်းရှင်နတ်ဒေဝါများကို ပူဇော်သော ဘုန်းတော် ဘွဲ့များကို ရွတ်ဆိုဖောပြသောကျမ်း 'ဣရုဝေဒ' ၊ နတ်ဒေဝါများကို ပူဇော်ပုံပူဇော်နည်းများကို ဖော်ပြသောကျမ်း ' ယဇုဝေဒ ' ၊ နတ်ဒေဝါများကိုပူဇော်ရာ၌ သာယာသောတေးဂီတများကို ဖော်ပြသောကျမ်း ' သာမဝေဒ '၊ ထိုနတ် ဒေဝါများကို ပူဇော်ရာ၌ အသံမှန်မှန်ကန်ကန်ရွတ်ဆိုရန် ဖော်ပြသောကျမ်း ' အာတဗ္ဗနဝေဒ ' ၊ဟူ၍ ဝေဒလေး ပုံဖြစ်လာသည်ဟု ဆရာကြီးဦးရွှေအာင်၏ ' အတ္တဝါဒမှ အနတ္တဝါဒသို့ ခရီးစဉ် ' စာအုပ်တွင် တွေ့ရပါသည်။ ဆရာတော် ရေစကြိုဧသိက၏ ' ထေရဝါဒဗုဒ္ဓဘာသာ ' စာအုပ်တွင် နေကြတ်၊ လကြတ်၊ နက္ခတ်တာရာတို့ကို ကြည့်၍ ဘေးဥပါဒ်အန္တရယ်ဖြစ်တတ်၊ ပျက်တတ်ပုံကို ပြရာကျမ်း ' ဣရုဗေဒင် '၊ ဘေးရန်များမှ လွတ်ကင်းပြေ ပျောက်ရန် ဂြိုဟ်နက္ခတ်တို့ကို ပူဇော်သောနည်း (ယတြာနည်း) ကိုပြဆိုသောကျမ်း ' ယဇုဗေဒင် '၊ နေ လနက္ခတ်တို့သွားရာလမ်းကိုကြည့်၍ မည်သည့်ရာသီခွင်၌ မည်သည့်ဂြိုဟ်ရပ်တန့်နေသည် စသည်ကိုကြည့်ပြီး လျှင် အံသာ၊ မြိတ္တာ၊ တြင်း၊ နဝင်း စသည်ဖြင့်ဝေဖန်လျက် ကောင်း၊မကောင်းကို ဟောရာကျမ်း ' သာမဗေဒင် ' ၊ အာထဗ္ဗနရသေ့တို့စီရင်ပြီး မန္တန်စုပ်ခြင်း၊ မီးထွန်းခြင်း စသော သူတစ်ပါးတို့ပျက်စီးရာအစီရင်ကိုပြသောကျမ်း ' အာထဗ္ဗနဗေဒင် 'ဟူ၍လည်း ဗေဒင်လေးပုံကိုပြထားပါသည်။ ဤသည့်ပူဇော်မှုလုပ်ငန်းများကို ဗြဟ္မာဏလူ တန်းစားများက ချုပ်ကိုင်ထားသည်။
နောက်ပိုင်း၌ ဤသို့ပူဇော်မှုများထက် ' အတ္တ ' ၏ သဘောကို ပိုမိုအသေးစိတ်လေ့လာကြပြီး အတ္တ လွတ်မြောက်ရေးအတွက် တောထွက်တရားကျင့်မှုများ ရှိလာပါသည်။ ဤအပိုင်းကို ဝေဒ၏အဆုံးပိုင်း ' ဝေဒန္တ ' ဟုခေါ်ကြသည်။ ဤသို့ ကျင့်ကြရာ၌ အဝတ်မဝတ်ခြင်း၊ အစားရှောင်ခြင်း စသည့် ' အတ္တကထလာမထ ' အကျင့်များ ပါဝင်လာသည်။
မြတ်စွာဘုရားရှင်ပွင့်တော်မူလာသောအခါ အထက်ပါအယူအဆအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက် သည်။ မြတ်စွာဘုရားရှင်သည် ဖန်ဆင်းရှင်ကိုလက်မခံ၊ ' ပုဂ္ဂိုလ်တစ်ဦး၏ကံကြမ္မာကို ဘယ်တန်ခိုးရှင်နတ်ဒေဝါ ကမျှ ချုပ်ကိုင်မထား၊ ဘယ်ဂြိုဟ်နက္ခတ်ကမျှ ကောင်းကျိုး၊ ဆိုးကျိုးမပြုနိုင်၊ မိမိကံကြမ္မာသည် မိမိအပေါ်တွင် သာမူတည်သည်။ ဖန်ဆင်းရှင် ကိုးကွယ်မှု၊ ဂြိုဟ်နက္ခတ်ကိုးကွယ်မှုသည် မှားယွင်းသောလုပ်ဆောင်ချက်သည် ဖြစ်သည် ' ဟု ထိုထိုတရားတော်များ၌ တွေ့ရသည်။
ထို့ပြင် မြတ်စွာဘုရားရှင်သည် " ခန္ဓာကိုယ်၌ အတ္တကောင်မရှိ၊ ခန္ဓာငါးပါးသာရှိသည်။ ထိုခန္ဓာငါးပါး သည် အနတ္တဖြစ်သည်။ ထိုခန္ဓာငါးပါးရရှိခြင်းသည် 'ဒုက္ခသစ္စာ' ရရှိခြင်းသည်။ ထိုဒုက္ခသစ္စာသည် တဏှာ 'သမုဒယသစ္စာ' ကြောင့်ရရှိခြင်းဖြစ်သည်။ ထိုဒုက္ခမှ လွတ်မြောက်ရန် မဂ္ဂင်ရှစ်ပါး ' မဂ္ဂသစ္စာ ' ဖြင့် ကျင့်မှသာ ရနိုင်သည်။ အခြားကျင့်များဖြင့် မရရှိနိုင်။ ထိုသို့ ကျင့်မှသာလျှင် နိဗ္ဗာန်ဆိုသော အပြီးပိုင်လွတ်မြောက်မှု ' နိရော ဓသစ္စာ' ရနိုင်သည်" ဟု သစ္စာလေးပါးကို ဟောပြောသည်။
ဤသို့ဖြင့် မြတ်စွာဘုရားရှင်၏ ကံ၊ကံ၏အကျိုးသဘောနှင့် သစ္စာလေးပါးတရားတော်များကို နာကြားရ သောအခါ မင်းနှင့်ပြည်သူ အမြောက်အများ ဗုဒ္ဓဘာသာ ဖြစ်လာကြသည်။ ထိုသို့ လူအမြောက်အများ ဗုဒ္ဓဝါဒ ကို သက်ဝင်ယုံကြည်လာသောအခါ ကိုးကွယ်မပူဇော်မှုမှန်သမျှကို လက်ဝါးကြီးအုပ်လုပ်စားနေသော ' ဗြဟ္မဏ ' လူတန်းစားများနှင့် အခြားသော တိတ္ထိဆရာကြီးများ လာဘ်လာဘပိတ်သဖြင့် အတော်အထိနာခဲ့ကြသည်။ ထို့ ကြောင့် မြတ်စွာဘုရားရှင်နှင့် သူ၏တရားတော်များကို ပျက်စီးပျောက်ကွယ်စေရန် နည်းအမျိုးမျိုးဖြင့် လုပ် ဆောင်ခဲ့ကြသည်။
မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ် ဗြဟ္မဏတိတ္ထိတို့၏ တိုက်ခိုက်မှုများမှာ သိပ်မတွင်ကျယ်လှ သော်လည်း မြတ်စွာဘုရားပရိနိဗ္ဗာန်စံပြီးနောက်ပိုင်းတွင် သာသနာတွင်း၌ တိတ္ထိအယူဝါဒများ ရောနှောလာ သည်။ တိတ္ထိတို့သည် သာသနာတွင်းသို့ ဝင်ရောက်ရဟန်းပြု၍ သူတို့၏အယူဝါဒများကို ဟောပြောသည်။ သီရိ ဓမ္မညသောကမင်း(အသောကမင်း) လက်ထက်တွင် သာသနာကို ပူးသတ်နေသော ရဟန်းတု၊ ရဟန်းယောင် တို့၏ အန္တရာယ်ကြောင့် တတိယသင်္ဂါယနာတင်၍ သာသနာကို သန့်စင်ခဲ့ရသည်။ သို့သော် ဗြာဟ္မဏတိတ္ထိတို့ ၏ အယူဝါဒများ လုံးဝပျောက်ကွယ်မသွားဘဲ သာသနာတွင်း၌ စိမ့်၍ကျန်ခဲ့နိုင်ပါသည်။ ဒုတိယသင်္ဂါယနာအပြီး ကွဲသွားသော ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခုဖြစ်သည့် ' မဟာသံဃိကဂိုဏ်း ' (မဟာယာန ) ဗုဒ္ဓဘာသာတွင် ' အတ္တ ' ဝါဒများ တွေ့ရသည်။
အိန္ဒိယနိုင်ငံတွင် ရှင်ဘုရင်မှာ ဗုဒ္ဓဘာသာဖြစ်သောအခါ ဗုဒ္ဓဘာသာကောင်းစားပြီး၊ ဗြာဟ္မဏဘာသာ ဝင်ဖြစ်သော မိစ္ဆာဒိဋ္ဌိရှင်ဘုရင် နန်းတက်သောအခါ ဗုဒ္ဓဘာသာမှာ အနှပ်ကွပ်ခံရ၍ အတော်အထိနာခဲ့သည်။ ရဟန်းဦးခေါင်းတစ်လုံး ( ၁၀၀၀ ) ပေး၍ သတ်သော ရှင်ဘုရင်ပင်ရှိခဲ့သည်။ အချို့ရဟန်းတော်များလည်း မိမိ တို့၏ဘဝရပ်တည်ရေးအတွက် မင်းလိုလုက်၍ မင်းကြိုက်ဆောင်ကာ ဗြာဟ္မဏအယူဆများကို လက်ခံကောင်း လက်ခံခဲ့သည်များလည်း ရှိနိုင်ပါသည်။ ဤသို့ဖြင့် အိန္ဒိယတွင် ဘာသာခြားတို့၏ ပူးသတ်မှုကိုခံရခြင်း၊ ရှင်ဘုရင် ၏ နှိပ်ကွပ်မှု ပြင်းထန်ခြင်းတို့ကြောင့် သာသနာကွယ်ပျောက်သွားရပေသည်။
မြန်မာနိုင်ငံတွင်လည်း အရည်းကြီးသာသနာသည် ပုဂံခေတ်တွင် ခေတ်စားခဲ့သည်။ အနော်ရထာမင်း လက်ထက် ရှင်အရဟံရောက်လာသောအခါမှသာ သာသနာသန့်စင်ခဲ့ရပေသည်။ သို့သော် လုံးဝပျောက်ကွယ် မသွားသေး။ ယနေ့ထိတိုင် အကြွင်းအကျန် ရှိနေပေသေးသည်။
ဤသို့ ခေတ်အဆက်ဆက်က ဗုဒ္ဓဘာသာကို နည်းအမျိုးမျိုးဖြင့် နှိပ်ကွပ်နေခဲ့ရာ ယနေ့ခေတ်တွင်လည်း ဗြာဟ္မဏအယူဆများ ၊ မြောက်ပိုင်း ဗုဒ္ဓဘာသာဖြစ်သော မဟာယာနဝါဒများက ထေရဝါဒဗုဒ္ဓဘာသာ အတွင်း သို့ ထိုးဖောက်လာနေပါသည်။
ဗြာဟ္မဏတို့၏ ဗေဒင်လေးပုံသည် ဗုဒ္ဓဝါဒယောင်ယောင်ဖြင့် ဝင်လာရာ ဗုဒ္ဓဘာသာဝင်များ အတော်သဲ စွဲနေကြသည်။ ဗြဟ္မဏတို့ကလည်း နည်းဗျူဟာတော်ကြသည်။ ဂြိဟ်နတ်များကို ပူဇော်ရာ၌ ဘုရားကိုခုတုံးလုပ် ၍ ဘုရားကိုးဆူပွဲအမည်ခံ ကျင်းပကြသည်။ ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်သော သူရဿတီ သည်ပိဋကတ်သုံးပုံ စောင့်သည်ဟု ဆို၏။ ဗေဒင်နည်းဖြင့် ယဇ်ပူဇော်မှုဖြစ်သော ယတြာတွင် ဘုရားကိုခုတုံးလုပ်၍ ဘုရားမှာ ဘာလှု၊ ညာလှု ဆိုပြီး သူတို့ဝါဒကို သိမ့်မွေ့စွာသွတ်သွင်း၏။ ဗုဒ္ဓကိုပင် ဟိန္ဒူတို့၏ နဝမမြောက်ဘုရားအဖြစ် သတ်မှတ်ထားကြသည်။ ဤမိစ္ဆာဝါဒကို အားပေးသော ဘာသာရေးအမည်ခံ မဂ္ဂဇင်း၊ စာစောင်တို့ကလည်း ဝါဒ မှိုင်းတိုက်၏။ မဟာယာန၏ ဘုရားလောင်းဝါဒသည်လည်း ကျယ်ပြန့်လာနေသည်။ ကွမ်ရင်၊ အန်ကုန်း ဆို့သည် ဘုရားကျောင်းဆောင်တွင် ဘုရားနှင့်အပြိုင် အခန့်သားနေရာယူထားကြသည်။
လူသေလျှင် လိပ်ပြာဖြတ်သော၊ ဝိဉာဉ်ခေါ်သော ' အတ္တ " ဝါဒ၊ ' သဿတ ' ဝါဒ များကို ဗုဒ္ဓဘာသာ ဝင်အတော်များများလက်ခံနေကြသည်။
လူသည် မွေးရာပါ အကြောက် နှင့် အမျှော်ရောဂါ ရှိသည်။ ထိုရောဂါကို စစ်မှန်သော ဗုဒ္ဓနည်းဖြင့်ကုမှ ပျောက်နိုင်ပေလိမ့်မည်။ မြတ်စွာဘုရားရှင်သည် လောကီသဘာဝကိုလည်း မဖယ်ရှားခဲ့ပေ။ လောကီကြီးပွား ကြောင်းများကိုလည်း ဟောထားပါသည်။ လောကီကြီးပွားကြောင်းများအတွက် ' ဥဋ္ဌာနသမ္ပဒါ - လုံ့လဝီရိယဖြင့် ရှာ ' ၊ ' အာရက္ခသမ္ပဒါ- ရရှိလာသောပစ္စည်းကို မပျောက်ပျက်၊မလေလွင့်ရအောင် စောင့်ရှောက်'၊ ' သမဇီဝိတ တာ - ဝင်ငွေနဲ့ထွက်ငွေမျှအောင်သုံး ' ၊ ' ကလျာဏမိတ္တတာ - မိတ်ဆွေကောင်းကိုပေါင်း ' ဟုဟောခဲ့ပါသည်။ လောင်းကစားခြင်း၊ မိန်းမ၊ အရက်၊ ပွဲလမ်းသဘင် စသည် အပျော်ပါးလိုက်စားခြင်းသည် ပျက်စီးကြောင်း ဖြစ် သည်ဟု ဟောပါသည်။ မင်္ဂလသုတ်တွင် လောကီကြီးပွားကြောင်းမှသည် နိဗ္ဗာန်ရသည်အထိ အဆင့်ဆင့်ဟော ခဲ့ပါသည်။
ဤမျှကောင်းမွန်သောဗုဒ္ဓ၏ လမ်းညွှန်ချက်များကိုပယ်၍ ဗြဟ္မဏတို့၏ ဗေဒင်ယတြာကိုယုံကြည်နေ ကြသည်မှာ အံ့ဖွယ်ရာဖြစ်ပါသည်။ မိမိတို့က နေချင်သလိုနေ၊ သုံးချင်သလိုသုံး၊ ဖြုန်းချင်သလိုဖြုန်း၍ စီးပွားကျ သောအခါ ဘယ်ဂြိုဟ်မကောင်းလို့၊ ဘယ်နတ်ကို မပူဇော်လို့ဆိုပြီး ဗေဒင်မေးယတြာချေကာ စီးပွားပြန်တက် အောင်လုပ်နေပါလျှင် အကန်းလမ်းပျောက်၍ ချောက်ထဲသို့ ကျပြီးရင်းကျရင်း ဖြစ်နေပါလိမ့်မည်။
ဤသို့ အလွဲယုံကြည်မှုသည် ဗုဒ္ဓတရားတော်အရ ' မိစ္ဆာဒိဋ္ဌိ ' ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ သည်အကုသိုလ်ဖြစ် သည်။ အကုသိုလ်သည် ပစ္စုပ္ပန်၌လည်း ကောင်းကျိုးမပေးသလို သံသရာ၌လည်း အပါယ်သို့ လားစေပါသည်။
တစ်ချိန်က အိန္ဒိယသည် မြတ်စွာဘုရားပွင့်တော်မူရာဒေသ ဖြစ်တော်မူပါလျက်ကယ်နှင့် ဝါဒအမှားများ ကို လက်ခံမိသောအခါ စစ်မှန်သောသာသနာ ကွယ်ခဲ့ရပေသည်။ မြန်မာနိုင်ငံကို ဤသို့မဖြစ်စေချင်ပါ။ မဖြစ် အောင်ကာကွယ်ရပေမည်။ ကာကွယ်ရန်အတွက် ကျွန်ုပ်တို့တွင် အသိ နှင့် သတိ ရှိရန်လိုအပ်ပါသည်။ အသိ နှင့် သတိရှိရန်အတွက် ဤစာစုဖြင့် နှိုးဆော်ရပေတော့သည်။
အရှင်ပညာသီရိ ( ရမ္မာကျွန်း )
၂၀၁၂ ခုနှစ် - စက်တာဘာလ - အတွဲ ၁၃ - အမှတ် ၉ - အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း
No comments:
Post a Comment